ဓနုဖြူ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ၂၀၂၅-မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းအခမ်းအနားကို ယနေ့ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၊ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅-မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ပုကွန်ကျေးရွာ အုပ်စုနှင့် ကမ်းငူကြီးကျေးရွာအုပ်စုများသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ယနေ့တွင် ပုကွန်ကျေးရွာအုပ်စုနှင့် ကမ်းငူကြီးကျေးရွာအုပ်စုများသို့ တောင်သူ(၈၈)ဦးအတွက် ချေးငွေ(၉၈၇)သိန်း ထုတ်ချေးပေးပြီး၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကို တစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် (၁၉.၅.၂၀၂၅)ရက်နေ့မှ စတင်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ဓနုဖြူမြို့နယ်မှ ကျေးရွာအုပ်စု (၆၃)အုပ်စုရှိ တောင်သူ(၅,၀၀၀)ကျော်တို့၏ လယ်ယာမြေဧက (၄၀,၀၀၀)ခန့် အတွက် ကျပ်သန်း(၆,၀၀၀)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ် ငွေချေးရန်လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)