ဝါးခယ်မတွင် ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးဧက ငါးသောင်းကျော်အတွက် စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ချေးပေးသွားမည်

ဝါးခယ်မ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယနေ့ နံနက်မှစကာ ဇုက္ကနိ ကျေးရွာရှိ တောင်သူလယ်သမားများအား စတင်ထုတ်ချေးပေးခဲ့သည်။

၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များထုတ်ချေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ် မန်နေဂျာ ဒေါ်အေးအေးတင်က ဇုက္ကနိကျေးရွာမှ တောင်သူလယ်သမားများအား တွေ့ဆုံကာ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများထုတ်ချေးရာတွင် လိုက်နာရမည့် အချက်များ၊ ချေးငွေ ပြန်လည်ပေးဆပ်ရတွင် လိုက်နာရမည့် အချက်များ၊ စိုက်ပျိုးစရိတ် အကျေ ပြန်လည်ပေးဆပ်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ဇုက္ကနိကျေးရွာမှ တောင်သူ ၅၃ ဦး၏ စပါး စိုက်ပျိုးဧက ၂၈၆ ဧကအတွက် တစ်ဧကလျှင် တစ်သိန်းငါးသောင်းနှုန်းဖြင့် စတင်ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၃၂ အုပ်စုမှ တောင်သူလယ်သမားများ၏ စိုက်ပျိုးဧက ၅၃၆၈၃ ဧကအတွက် ချေးငွေကျပ် ၈၀၅၂၄.၅၀ သိန်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာလကုန် အထိ ကြွေးဟောင်း ပြေကျေပြီးသူများအား ဆက်လက်  ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ (ဝါးခယ်မ)