အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် Video Conferencing စနစ်ဖြင့် တက်ရောက်

လွိုင်ကော် ဒီဇင်ဘာ ၁၀

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ၊ နံနက် (၁၀) နာရီတွင် နိုင်ငံတော်မှ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စပ်လျဉ်း၍ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် က အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်က အမှာစကား ပြောကြားခဲ့ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ခေတ္တဥက္ကဋ္ဌ က အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Mr. Ola Almgren က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) မှ Deputy Resident Representative, Ms. Dawn Del Rio က အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။

၎င်းနောက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) Country Manager Mr. Benedikt Hofmann က UNODC Executive Director ၏ Video message ကိုပြသ၍ ရှင်းလင်း တင်ပြခဲ့ပြီး အပြည်ပြည် ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ပြသခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)