လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး

လေးမျက်နှာ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ရှမ်းရွာကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခဲ့သည်။

လေးမျက်နှာမြို့နယ်အနေဖြင့် ယခုနှစ်တွင် ကျေးရွာအုပ်စု(၄၇)အုပ်စုရှိ မိုးစပါးစိုက်ဧက(၃၃,၃၅၅)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း(၅၀,၀၃၂.၅၀)သိန်း ထုတ်ချေးပေးရန်အတွက် လျာထားဆောင်ရွက်လျက်ရှိပြီး  (၁၉-၅-၂၀၂၅)ရက်နေ့တွင် ရှမ်းရွာကျေးရွာအုပ်စုမှ မိုးစပါးစိုက်တောင်သူ(၉၀)ဦး၏ စိုက်ဧက(၄၉၆)ဧကအတွက် ချေးငွေကျပ်(၇၄,၄၀၀,၀၀၀)သိန်း ထုတ်ချေးပေးခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် နှစ်စဉ်မိုးရာသီအလိုက် စိုက်ပျိူးစရိတ်ချေးငွေများကို တောင်သူများအား မိုးစပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲဖြင့် စိုက်ပျိုးချိန်အမှီ ယနေ့မေလ၁၉ရက်မှ စတင် ထုတ်ချေးပေးလျက်ရှိပြီး တောင်သူများအား လျာထားချက်နှင့်အညီ စက်တင်ဘာလကုန်အထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးရည်မွန်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)