ဒေးဒရဲမြို့၌  လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ဒေးဒရဲ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန်နှင့် ပြည်သူများလျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ်ရရှိစေရေးရည်ရွယ်၍ မေလ(၁၆)ရက်နေ့နံနက်ပိုင်းက  ကြိုတင်ကာကွယ်စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မန်နေဂျာဦးကျော်မျိုးဦး ဦးစီးသော ဝန်ထမ်းများသည် ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော 33 KV ဓာတ်အားလိုင်း၊ မြို့တွင်းနှင့် ကျေးရွာများသို့ ဖြန့်ဝေသွယ်တန်းထားသော 11 KV ဓာတ်အားလိုင်းများတစ်လျှောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သောနေရာများတွင် ဓာတ်ကြိုးများ၊ ဓာတ်တိုင်များ အသစ်လဲလှယ်တပ်ဆင်ခြင်း၊ ဓာတ်တိုင်များ ပြိုလဲခြင်းမရှိစေရန်စစ်ဆေးခြင်း၊ ဓာတ်အားလိုင်းကြိုးများအား အနှောက်အယှက်ဖြစ်စေသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်များ ဓာတ်တိုင်ပေါ်သို့ ရစ်ပတ်တွယ်တက်မှုမရှိအောင် ရှင်းလင်းခြင်းလုပ်ငန်းများကို ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားပြည့်ဝစွာ အသုံးပြုနိုင်ရန်  ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အေဇာလင်း(ပြန်/ဆက်)