နတ်မောက်မြို့နယ် ကံဦးကျောင်းရှိ အေးစေတီဘုရား ရွှေထီးတော်တင်လှူပွဲနှင့် အနေကဇာတင်ပူဇော်ပွဲ ကျင်းပ

နတ်မောက်  မေ ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာ ကံဦးကျောင်းဆရာတော် ဘဒ္ဒန္ဒသိရိန္ဒ၏ ကြီးကြပ်လမ်းညွန်မှုဖြင့် ကျေးရွာဘုရားစေတီတော်ဂေါပကအဖွဲ့၏ ကူညီမှုဖြင့် ကျေးရွာရှိ အေးစေတီ ရွှေထီးတော်သစ်တင်လှူပွဲနှင့် အနေကဇာတင်ပူဇော်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဘုရားရင်ပြင်တွင် ကျင်းပခဲ့သည်။

ထီးတော်တင်လှူပွဲနှင့် အနေကဇာတင်ပူဇော်ပွဲသို့ နတ်မောက်မြို့ ဒီပင်္ကရာကျောင်းတိုက် မြို့နယ်သံဃာနာယကဆရာတော်မှ အနုမော်ဒနာတရားမြွက်ကြားပြီး ဆရာတော်သံဃာတော်တို့မှ အနေကဇာတင်ပူဇော်ခြင်း ပြုလုပ်ခဲ့ကြသည်။

ဘုန်းကြီးတို့ဒေသမှာ ဒီလိုဗုဒ္ဓရဲ့အဆုံးအမအတိုင်း စေတီဘုရားပြင်တာ၊ ထီးတော်တင်လှူကြတာက ဘုရားကြိုက်တဲ့အလုပ်ပါ။ ကောင်းတာလုပ်တဲ့အတွက် ကောင်းတာတွေဖြစ်လာကြမှာပါ။ ဒီနေ့ပွဲကိုလာကြတဲ့ ဒါယကာ၊ ဒါယိကာမ ရွာသူ၊ ရွာသားတွေရဲ့ မျက်နှာတွေကိုကြည့်လိုက်ရင် ပျော်ရွှင်ကြည်နူးအေးချမ်းနေကြတာတွေ့ရတော့ ဘုန်းကြီးတို့ ပီတိဖြစ်ရတယ်”ဟု ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။

အေးစေတီရွှေထီးတော်သစ်အား ကျေးရွာရှိ ဒါယကာ၊ ဒါယိကာမများနှင့် ရပ်နီး/ရပ်ဝေးမှ သဒ္ဒါကြည်လင်စေတနာရှင်တို့မှ စေတီတော်သစ်တည်ပြီး ရွှေထီးတော်သစ်တင်လှူခဲ့ကြရာ အဆိုပါထီးတော်တင်လှူပွဲတွင် ရွှေမိုး၊ ငွေမိုးများ ပက်ဖျန်းကာ အောင်စည်အောင်မောင်းများတီးခတ်၍  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မူမူစန်း