ပေါင်းတည် မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခင်နှစ်ထက် ယခုနှစ်တွင် သီးနှံအထွက်နှုန်းတိုးတက်လာခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့၏ စာရင်းများအရ သိရှိရသည်။
ယခင်၂၀၂၃-၂၄ဘဏ္ဍာနှစ်နှင့် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်နှိုင်းယှဉ်ချက်အရ ယခင်နှစ်ကမိုးစပါး၌ တစ်ဧက ၈၇ ဒဿမ ၀၂ တင်း ထွက်ရှိခဲ့ပြီး ယခုမိုးစပါးတွင် ၉၀ ဒဿမ ၁၂ တင်းပျှမ်းမျှ ထွက်ရှိခဲ့ကြကြောင်း၊ အလားတူမိုးနှမ်းစိုက်ပျိုးရာတွင် ယခင်နှစ်က တစ်ဧက ၂၀ ဒဿမ၁၉ တင်းထွက်ရှိရာမှ ယခုနှစ်တွင် ၂၀ ဒဿမ ၂၅ တင်း ထွက်ရှိခဲ့ကြောင်း၊ ဆောင်းနှမ်းစိုက်ပျိုးရေးတွင်လည်း ယခင်နှစ်က တစ်ဧက ၁၇ ဒဿမ ၀၄တင်းထွက်ရှိခဲ့ရာ ယခုနှစ်တွင် ၁၇ ဒဿမ ၁၀ တင်းထွက်ရှိခဲ့ကြောင်း၊ မတ်ပဲအထွက်နှုန်းမှာလည်း ယခင်နှစ်က တစ်ဧက ၂၈ ဒဿမ ၁၅ တင်း ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် တစ်ဧက ၂၈ ဒဿမ ၂၀ တင်းထွက်ရှိလာကြောင်း၊ ပဲတီစိမ်းအထွက်နှုန်းအနေဖြင့် ယခင်နှစ်က တစ်ဧကလျှင် ၂၂ ဒဿမ ၄၁ တင်း ထွက်ရှိသော်လည်း ယခုနှစ်တွင် ၂၂ ဿမ ၅၅ တင်း အသီးသီးတိုးတက်ထွက်ရှိခဲ့ကြကြောင်း သိရသည်။
ယခုစိုက်ပျိုးထားဆဲ မရိတ်သိမ်းရသေးသော နွေစပါး ၂၆၀၁၂ ဧက၏ အများစုမှာလည်း ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး အထွက်နှုန်းတိုးတက်ရေးနှင့် စျေးကောင်းရရှိနိုင်ရေးတောင်သူများ မျှော်လင့်လျက်ရှိကြသည်။
ယင်းသို့ သီးနှံများဖြစ်ထွန်းအောင်မြင်ရေးနှင့် အထွက်နှုန်းတိုးတက်ရေးတို့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ တောင်သူများ အကျိုးဖြစ်ထွန်းရေး၊ ဒေသတွင်းနှင့် နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံရေးတို့အတွက်ဖြစ်၍ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တောင်သူများ စဉ်ဆက်မပြတ် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသား