လှည်းကူးမြို့၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

လှည်းကူး မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းနေအရွယ်ကလေး၊ လူငယ်များအားလုံးကျောင်းနေ၍ ပညာသင်ကြားနိုင်ရေး၊ ပညာကိုဆုံးခန်းတိုင် သင်ယူနိုင်ရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇရပ်ကွင်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။

ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ သန့်ရှင်းသာယာလှပသော ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ဖြစ်စေရေး၊ မိုးဦးကာလတွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးတို့အတွက် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ရှိ မြက်ပင်၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ရေစည်ရေကန်များအား အဘိတ်ဆေးခတ်ခြင်း၊ ထွက်ရှိလာသော အမှိုက်သရိုက်များအား မီးရှို့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြစ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသားမိဘများတို့က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)