တိုက်ကြီး မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) (၅/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ချင်းကုန်းကျေးရွာအုပ်စု၊ အမှတ်(၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အမှတ်(၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တပ်နယ်ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ကျင်းပရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ပြည့်စုံလင်းက သင်တန်းသားများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ကြက်ဥ ၁၀၀၀ လုံး၊ ကြက်သွန်နီ ၁၀၀ ပိဿာနှင့် သင်တန်းသားတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄,၆၀၀,၀၀၀ တို့အား ထောက်ပံ့ပေးအပ်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ပြည့်စုံလင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် သင်တန်းသား ၄၆၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
စောဝတ်ရည် (ပြန်/ဆက်)