မင်းဘူး မေ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် စားသုံးဆီဖူလုံစေရေးအတွက် ယခုနှစ်နွေသီးနှံ စိုက်ပျိုးရာသီတွင် နွေနှမ်းကို ဧကပေါင်း ၂၃၀၀၀ ကျော် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်အတွင်း၌ အုပ်စုပေါင်း ၄၃ စု၊ ကွင်းပေါင်း ၁၁၅ ကွင်းရှိ ဒေသခံတောင်သူများသည် အစိုးရဆည်ရေ၊ လျှပ်စစ်ရေတင်နှင့် မြေအောက်ရေတို့မှ ရေရရှိရေးနည်းလမ်းမျိုးစုံအသုံးပြု၍ ဆီထွက်သီးနှံအဖြစ် နွေနှမ်းကို ဆင်းရတနာ(၄)၊ ဆင်းရတနာ(၁၂)၊ သိပ္ပံနှမ်းနက် (ခေါ်)စမုံနက် စသည့် သက်တမ်းတိုးနှမ်းမျိုးများကို အများဆုံးရွေးချယ်စိုက်ပျိုးကြောင်း၊ သီးနှံစိုက်ပျိုးရာတွင် နွေနှမ်းစိုက်တောင်သူများအနေဖြင့် ခေတ်စနစ်နှင့်အညီ စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်များ စိစစ်ရွေးချယ်ပြီး အသုံးပြုစိုက်ပျိုးရေးနှင့် တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်ရရှိရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများက စိုက်ပျိုးနည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးထားကာ စိုက်ပျိုးရေးသွင်းအားစုများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်ချပေးထားကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနံအဖြစ် နွေနှမ်းကို အိုင်းမဆည်ရေသောက်ဧရိယာတွင် ၁၄၇၃၉ ဧက၊ မဲဇလီဆည်ရေသောက်ဧရိယာတွင် ၁၆၈၅ ဧက၊ လျှပ်စစ်ရေတင်ဧရိယာတွင် ၇၅၀ ဧကနှင့် မြေအောက်ရေသုံးဧရိယာတွင် ၆၇၁၇ ဧက စုစုပေါင်း ၂၃၈၉၁ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ နွေနှမ်းစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)