ပေါင်းတည် မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကောက်စိုက်စက်များဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများသည် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ရွေးချယ်၍ ပျိုးပေါင်များ စတင်ပြုလုပ်လျက်ရှိကြောင်းသိရသည်။
မိုးသီးနှံ သက်လျင်စပါးကို ဇွန်လအတွင်း ကောက်စိုက်စက်ကြီးများ၊ တစ်နိုင်တစ်ပိုင် လေးတန်းသွား၊ ခြောက်တန်းသွား လက်ဆွဲကောက်စိုက်ကိရိယာများဖြင့် စိုက်ပျိုးမည့် တောင်သူများသည် ယခုရက်ပိုင်းမှစ၍ ပျိုးဗန်း ပျိုးပေါင်များဖြင့် ကြိုတင်ပျိုးထောင်နိုင်ရေး လုပ်ကိုင်လျက်ရှိပြီး သတ်မှတ်ပျိုးသက်တမ်းပြည့်ပါက ကောက်စိုက်စက်ထဲ ထည့်သွင်းကာ အဆင်သင့် စိုက်ပျိုးနိုင်ရန် ကြိုတင်စီမံပြုလုပ်လျက်ရှိသည်။
ယင်းသို့ ပျိုးပေါင်များဖြင့်ပျိုးထောင်ကြရာတွင် အထွက်ကောင်း မျိုးကောင်းမျိုးသန့် စပါးမျိုးစေ့(RS)များကိုသာ အသုံးပြုကြကြောင်း၊ တစ်ဧကစိုက်ခင်းအတွက် စပါးအမျိုးအစားအလိုက် မျိုးစေ့ ခုနစ်ပြည် ရှစ်ပြည်ခန့် အသုံးပြုကာ မျိုးညှောင့် ဖောက်ပေးရကြောင်း၊ညီညာသောအောက်ခြေမျက်နှာပြင်ပေါ်တွင် ပျိုးပေါင်များပြုလုပ် ပျိုးထောင်ရကြောင်း၊ စတင်ပျိုးထောင်စဉ် မျိုးစေ့များလေလွင့်ဆုံးရှုံးမှု မရှိစေရေး သဘာဝမြေသြဇာမှုန့်၊မြေဆွေး၊နွားချေးမှုန့်၊ဖွဲပြာ၊လွှစာမှုန့်၊တမန်းမြေများဖြင့် ခပ်ပါးပါး ဖုံးအုပ်ပေးထားရပြီး နေ့စဉ်ရေမှန်မှန် လောင်းပေးရကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ထိုသို့ပေါင်စနစ်ပျိုးထောင်၍ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးပါက အချိန်တိုအတွင်း ပြီးစီးနိုင်ခြင်း၊လုပ်အားခ အပါအဝင်အထွေထွေ ကုန်ကျစရိတ်များသက်သာစေခြင်းအပြင် စိုက်ခင်းမြေဆီမြေနှစ် ယုတ်လျော့မှုနည်းပါးခြင်းကြောင့် မြေဆီသြဇာ လုံလောက်စွာရရှိကာ အရည်အသွေးမြင့်စပါးများသီး၍ အထွက်နှုန်းလည်းကောင်းမွန်သဖြင့် တောင်သူများ စိတ်ပါဝင်စားလာကြကြောင်းသိရသည်။
ရွှေသား