ကြံခင်း မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ချင်းမြောင်အုပ်စု၊ လေးကြီးဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ကြက်ခြေနီသူနာပြုတပ်ဖွဲ့ခွဲမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲကို ကြံခင်းမြို့နယ်ကြက်ခြေနီအသင်းခွဲဒုဥက္ကဋ္ဌ ဒေါ်ခင်ခင်စန်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပြီး မိုးဦးကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့်ရာသီတုပ်ကွေးရောဂါများအကြောင်းအား ဟောပြောဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူး ဒေါ်မိုးမင်းစန်း၊ ဒုတိယတပ်ခွဲမှူး စည်သူထွန်းတို့က မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ အပူဒဏ်ကာကွယ်ရေး အသိပညာပေး စသည့် သဘာဝဘေးအန္တရာယ်များကို အသီးသီးရှင်းလင်းဟောပြောခဲ့ကြသည်။ ၎င်းဟောပြောပွဲသို့ ချင်းမြောင်အုပ်စုရှိ ဒေသခံပြည်သူ ၁၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)