ဒေးဒရဲ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများအား ပညာရေးစနစ်နှင့်အညီ သင်ရိုးသစ်ဘာသာရပ်များကို စနစ်တကျ သင်ကြားပြသနိုင်သည့် ဆရာ၊ ဆရာမများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းနှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ခိုင်က အခြေခံပညာကျောင်းများနှင့် ပညာရေးမြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သင်ကြားရေးစွမ်းရည် မြင့်မားသော အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများ ဖြစ်ပေါ်လာစေရေးနှင့် ပညာရေးဝန်ကြီးဌာနမှ ပြောင်းလဲထားသော ပညာရေးစနစ်နှင့် အညီ သင်ရိုးသစ်ဘာသာရပ်များကို စနစ်တကျ သင်ပြနိုင်မည့် ဆရာ၊ ဆရာမများအား လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးနှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေး လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းနှင့် ယခုသင်တန်းက ပို့ချပေးမည့် သင်ခန်းစာများကို မှတ်သားအသုံးချ၍ ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်သင်ကြားပြသပေးသွားရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစိုးပိုင်က သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်နှင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၈၇၀) ဦး၊ အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၃၅၉) ဦးအား သင်တန်းဆရာ၊ ဆရာမ (၉၄) ဦးက သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကို မေလ (၁၈) ရက်နေ့မှ မတ်လ (၂၀) ရက်နေ့ အထိ (Grade-6) မှ (Grade-9)၊ (KG)မှ (Grade-5) သင်ရိုးညွှန်းတမ်းဘာသာရပ်များကို နေ့စဥ် နံနက် (၉)နာရီက ညနေ (၄)နာရီထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း