ပေါင်းတည်၌ မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်

ပေါင်းတည် မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲကို အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲ၌ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက ဆရာ၊ ဆရာမများ သင်ကြားသင်ယူမှု ထိရောက်အောင်မြင်စေရေး နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုများနှင့်အညီ ယခုဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲများ ပြုလုပ်ရာ၌ အချိန်ကိုတန်ဖိုးရှိစွာဖြင့် ပူးပေါင်းဆွေးနွေးသင်ယူကြစေလိုကြောင်း မှာကြားသည်။

အဆိုပါ ဆွေးနွေးပွဲများကို မေလ ၁၈မှ မေလ ၂၀ရက်အထိ ပြုလုပ်ကြမည်ဖြစ်ကြောင်း၊ မူလတန်းဆင့်တွင် နည်းပြဆရာ ၅၀ ဦးနှင့် ဆရာ၊ ဆရာမ ၇၇၄ ဦးတို့သည် အ-ထ-က (ပေါင်းတည်)တွင်လည်းကောင်း၊ အလယ်တန်းဆင့်တွင် နည်းပြဆရာ ၁၆ဦးနှင့် ဆရာ၊ ဆရာမ ၂၂၁ ဦးတို့သည် အ-ထ-က(မြို့မ)တွင်လည်းကောင်း ကြီးကြပ်ရေးရုံးအဖွဲ့ ၇ ဦးဖြင့် အသီးအသီးသင်ကြားပို့ချဆွေးနွေးကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေသား(IPRD)