ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုအားပေး

ဘားအံ မေ ၁၈

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ကို သန့်ရှင်သာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော် ဖြစ်စေရေး အပတ်စဉ်စနေနေ့များတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မကြာမီကာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာနေပြည်သူများပူးပေါင်း၍ စုပေါင်းသန့် ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံပညာရေးဒီဂရီကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း၊ မင်္ဂလာရွာသစ်အခြေခံပညာမူလတန်းကျောင်း၊ ကော့ကသောင်အခြေခံပညာမူလတန်းကျောင်း၊ အုန်းတပင်အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင် ရာများနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား ၁၀၆၀ ဦးခန့်သည် စာသင်ကျောင်းများ  အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စွန့်ပစ်ပလက်စတစ်နှင့်အမှိုက်များဖယ်ရှားရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းမျာတူးဖော်ပေးခြင်း အစရှိသည့်စုပေါင်းသန့်ရှင်းရေး လုပ်ငန်း များဆောင်ရွက်နေမှုနှင့် အဆိုပါကျောင်းများ၏ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ဆောင်၊ စာသင်ခန်း၊ ပရိဘောဂများနှင့် ရေ၊ မီး၊ မိလ္လာများ ပြည့်စုံလုံလောက်မှုရှိစေရေး ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းနေပျော်၍ စာတော်သော ကျောင်းသား၊ ကျောင်းသူများဖြစ်စေရေး စာသင်ကျောင်းများကို သန့်ရှင်းသပ်ရပ် သောပတ်ဝန်းကျင်ကောင်းများအဖြစ် အစဉ်ဖန်တီးပေးကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၏ ၁၄၀ ပေ x ၃၀ ပေ RC နှစ်ထပ်စာသင်ဆောင် တည်ဆောက်ပြီးစီးမှုနှင့် စာသင်ဆောင်အတွင်း ပရိဘောဂများ ပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက စာသင်ဆောင်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လဆန်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပပြုလုပ် မည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသည့် ကရင်ပြည်နယ်အမျိုးသား/အမျိုးသမီးဘော်လီ ဘောအသင်း၏ လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး ဘော်လီဘောအားကစားနည်းဖြင့် ပြည်နယ်၏ဂုဏ်ကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းတိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ကျက်သရေဆောင် ကြာအင်းတောင်ခြေတွင် တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည်ဓမ္မာ့ဗိမာန်တော်ကြီး၏ အရှေ့ဘက်မြေထိန်းနံရံ တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် အရှေ့ဘက်ဝင်ထွက်လမ်း ပေ ၄၀ အကျယ် မြေသားတာဘောင်ဖို့လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)