မော်လမြိုင် မေ ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က မွန်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများအားလုံးသည် ဘာပဲလုပ်လုပ် ဥပဒေနှင့် အညီသာ မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဥပဒေကြမ်းများစိစစ်ရာတွင်လည်းကောင်း၊ စီးပွားရေးစာချုပ်စာတမ်းများကို စိစစ်အကြံပြုရာတွင်လည်းကောင်း၊ တရားစွဲမတင်မှီ ဥပဒေအကြံပေးရာတွင်လည်းကောင်း၊ တရားရုံးများတွင် နိုင်ငံတော်ဘက်မှ အမှုများအား လိုက်ပါဆောင်ရွက်ရာတွင်လည်းကောင်း၊ ဥပဒေနှင့်အညီဆောင်ရွက်ကြရန် တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒနှင့်ဆန့်ကျင်သော အမှုများ၊ အကြမ်းဖက်အမှုများ၊ သက်ငယ်မုဒိန်းကျူးလွန်မှုများ၊ မူးယစ်ဆေးဝါးမှုကျူးလွန်သူများ၊ တရားမဝင်ကုန်ပစ္စည်းသယ်ဆောင် လက်ဝယ်ထားရှိသူများနှင့် ပတ်သက်၍ တရားစွဲဆို တင်ပို့လာပါက ဥပဒေနှင့်အညီကျူးလွန်သောပြစ်မှုအပေါ် ထိရောက်ပြစ်ဒဏ် ပေးရေး၊ တရားရုံးများသို့ လျောက်ထားတင်ပြကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဥပဒေအရာရှိများသည် နိုင်ငံဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိ ရိုသေကြရမည်ဖြစ်ကြောင်း၊ ဥပဒေအရာရှိများ၏ စွမ်းဆောင်ရည်များ အမြဲမပြတ် တိုးတက်ကောင်းမွန်စေရန် ဥပဒေကို အမြဲမပြတ်လေ့လာဖတ်ရှုမှတ်သားကြရမည့်အပြင် ခေတ်နှင့်အညီ ဥပဒေပညာများကိုလည်း အမြဲရှင်သန်အောင် လေ့လာဆည်းပူး၍ တက်မြောက်ထားရမည်ဖြစ်ပါကြောင်း၊ AI (or) Artifical Intelligent ပညာကိုလည်း လက်လှမ်းမှီသလောက် တက်ကျွမ်းအောင် လေ့လာထားရမည် ဖြစ်ပါကြောင်း၊ ကျမ်းမျိုးစုံမှ ဉာဏ်ဟုန်ပြင်း၊ နည်းမျိုးစုံမှရန်ပုံခွင်း ဆိုသည့် စကားနှင့်အညီ မိမိတို့၏ ဥပဒေအရာရှိ တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်နိုင်ရန် စာပေ၊ ကျမ်းဂန်၊ ဥပဒေပညာရပ်များကို အပတ်တကုပ် ကြိုးစားလေ့လာသင်ယူပြီး နိုင်ငံတော်အစိုးရက အားထားရသော နိုင်ငံတော်အကျိုးကို ဖော်ဆောင်သည့် ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြရင်း ပြည်သူလူထုတစ်ရပ်လုံးကိုလည်း ဥပဒေအသိပညာများ ပိုမိုပြန့်ပွားအောင် ဖြန့်ဖြူးနိုင်သော ဥပဒေအရာရှိကောင်းများဖြစ်အောင် တာဝန်ထမ်းဆောင်ကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်/ခရိုင်/ မြို့နယ်ဥပဒေအရာရှိများက မိမိတို့၏ လုပ်ငန်းဆောင်ရွက် ချက်များ၊ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဥပဒေအရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဥပဒေချုပ်က လိုအပ်သည်များကို ဖြည့်စွက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)