မြောင်းမြ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Youth Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းနှင့် ရေးသူဖတ်သူဆွေးနွေးပွဲကို ယနေ့နံနက် (၉း၃၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ညီညီနိုင်ရေးသားသည့် "ပညာနှင့်ဘဝအောင်မြင်ရေးလမ်းညွှန်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ရာ မြောင်းမြပညာရေးဒီဂရီကောလိပ် PPTT-12 တန်းခွဲ - D မှ ကိုပိုင်စိုးကျော်က "နားထောင်ခြင်းနှင့်မှတ်စုရေးခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဇွန်ဇူလိုင်က "တစ်ကိုယ်ရေစေစားမှုစွမ်းရည်များ" စသည့် ခေါင်းစဉ်များဖြင့်လည်းကောင်း ဆွေးနွေးကြရာ တက်ရောက်လာသူများကလည်း စာအုပ်ပါ အကြောင်းအရာများကို ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ ရေးသူဖတ်သူဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြောင်းမြမြို့ စာရေးဆရာအဖွဲ့ဝင် လရောင်လင်း (မြန်မာ့ဂုဏ်ရည်) ရေးသားသည့်" အနေတင့်မှာလား၊လေလွင့်မှာလား"စာအုပ်ဖြင့်ဆောင်ရွက်ခဲ့ရာ မြောင်းမြပညာရေး ဒီဂရီကောလိပ် PPTT-12 တန်းခွဲ -Dမှ ကိုထက်အောင်က "အောင်ဆန်းလိုလူငယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးပပဖြိုးက "လူငယ်တွေသတ္တိရှိလိုက်စမ်းပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကိုဇင်လင်းထက်က "ရိက္ခာမွဲပါစေသိက္ခာမမွဲစေနဲ့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးစုမွန်က"ကျွန်တော်တို့သည် လူငယ်များဖြစ်ကြသည်" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြရာ စာရေးဆရာ လရောင်လင်း (မြန်မာ့ဂုဏ်ရည်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်နှင့် ဦးစိုးမိုး (Youth Club)အဖွဲ့ဝင်တို့နှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်
ထို့နောက် မြောင်းမြခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များ၊ ပြခန်းငယ် ခင်းကျင်းပြသထားရှိမှုများ၊ ပြည်သူ့စာကြည့်တိုက် ခင်းကျင်းပြသထားရှိမှုများကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)