ကျုံပျော် မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ အောင်ပွဲရ ကျုံပျော်ခရိုင် အသင်းအား ဂုဏ်ပြုကြိုဆိုပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် မေလ ၁၇ ရက် နေ့လည် ၁၂ နာရီ အချိန်က ပြုလုပ်သည်။
ဦးစွာ ပထမ ဆုဖလား ရယူလာသော ကျုံပျော်ခရိုင် ဘော်လီဘောအသင်းအား ကျုံပျော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ပြည်သူများက ဂုဏ်ပြု ပန်းကုံးစွပ်ခြင်း၊ သပြေခက်များ၊ အောင်ပန်းများ ချီးမြှင့်ခြင်းတို့ဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။
ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဂုဏ်ပြုပွဲကို ဆက်လက်ပြုလုပ်ရာ ခရိုင်အားကစားနှင့် ကာယပညာဦးစီးမှူး ဦးဝင်းနိုင်က ပြိုင်ပွဲအတွေ့အကြုံများအား တင်ပြပြီး ပထမဆုဖလားအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ယင်းနောက် အောင်ပွဲရအားကစားသမားများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နမ့်သီတာချိုစင်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုငွေနှင့် အားကစားဝတ်စုံများ ပေးအပ်ချီးမြှင့်ကြပြီး၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ဂုဏ်ပြုချီးမြှင့်စကား ပြောကြားကာ ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
ကျုံပျော်ခရိုင် အမျိုးသမီးဘော်လီဘောအသင်း အနေဖြင့်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ပေါင်း(၈)ခရိုင်မှ အသင်း(၈)သင်းနှင့် အုပ်စုပတ်လည်ယှဉ်ပြိုင်ခဲ့ပြီး၊ ဗိုလ်လုပွဲတွင် ပုသိမ်ခရိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားကာ အနိုင်ရပြီး ပထမ ဆုဖလား ကိုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)