ပွင့်ဖြူ မေ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၀၄၆ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၀၄၆ ဧက စိုက်ပျိုးရန် လျာထားပြီး လက်ရှိအချိန်တွင် နေကြာသီးနှံများ စိုက်ပျိုးနိုင်ရေး လယ်ယာမြေများ ထွန်ယက်ပြုပြင်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဒီနှစ်မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း နေကြာ ၁၀၄၆ ဧက စိုက်ပျိုးသွားဖို့ လျာထား ပါတယ်။ လက်ရှိအချိန်မှာ နေကြာများ စိုက်ပျိုးနိုင်ဖို့ လယ်ယာမြေထွန်ယက်ပြုပြင်တာတွေကို လုပ်ဆောင်နေကြပါတယ်။ နေကြာတစ်ဧကဆီထွက်ရှိမှုမှာ တစ်ခြားဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်းတို့ထက် ပိုများပါတယ်။ ဒီဒေသမှာ နေကြာကိုဆောင်းရာသီမှာ ပိုပြီးစိုက်ကြတာများပါတယ်။ မိုးနေကြာကို လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် နေကြာသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊တစ်ဧက ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများကို ဒေသနှင့် ကိုက်ညီသော နေကြာမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ ပိုမိုကောင်းမွန်စေရေး၊ ပိုးမွှားရောဂါ ကင်းရှင်းရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများနှင့်သင်တန်းများပေးခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားရေး သင်တန်းများပေးခြင်း၊ မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျ သုံးစွဲရေး အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေကြာကို အထွက်နှုန်းနှင့်အရည်အသွေး ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ပြည်တွင်း ဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုပါ ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ သီးနှံဝင်ငွေရရှိပြီး လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နေကြာကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးနိုင်ရန် ပိုမိုကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး