ကျုံပျော်တွင် ကျောင်းအပ်နှံ‌ရေးသီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲ ပြုလုပ်

ကျုံပျော် မေ ၁၇

"ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ”ဟူသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေး နှိုးဆော်တိုက်တွန်းသည့် ကျောင်းအပ်နှံ‌ရေးသီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အောင်ဆန်းရပ်ကွက် မြို့မအခြေခံပညာမူလတန်းကျောင်းရှေ့၌ ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

ဆိုင်းဘုတ်စိုက်ထူပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးသန်းအောင် မြို့နယ်ပညာရေးမှူး(ပူတွဲတာဝန်)နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး၊ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သော မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အတွင်း ကျုံပျော်မြို့နယ်ရှိ ‌အခြေခံပညာကျောင်း(၂၅၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်း၊ စုစုပေါင်း (၂၅၇)ကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေးလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)