ပုသိမ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပုသိမ် မေ ၁၇

မိုးဦးကာလကိုရောက်ရှိလာပြီဖြစ်၍  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ဦးဆောင်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် Abate ဆေးခတ်ပေးခြင်းလုပ်ငန်းများကို  ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ပေါ် အမှတ်(၅) ရပ်ကွက်ရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးမြင့်သူက အမှတ်(၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များအား  သွေးလွန်တုပ်ကွေးဖြစ်ပေါ်မှုနှင့် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခဲ့ပြီးနောက် ပုသိမ်မြို့‌ပေါ်ရှိ စာသင်ကျောင်းများ အပါအဝင် နေအိမ်များ၌ ခြင်များ၊ ပိုးလောက်လန်းများ ပေါက်ဖွားနိုင်သည့် ရေလှောင်ကန်များ၊ ရေစည်များ၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို လိုက်လံစစ်ဆေးခဲ့ပြီး ပိုးလောက်လမ်းမရှိစေရေး (Abate) ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်များအား ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊  လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေ အများပြည်သူများပူးပေါင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)