ပုသိမ် မေ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက မြောင်းမြမြို့နယ်၊ သိလ္လာဂါတ်စုကျေးရွာရှိ တောင်သူဦးသန့်ဇင်၏ ရာဘာခြံနှင့် ကော်ဖီ သီးညှပ်စိုက်ပျိုးထားရှိမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ရာဘာကုန်ကြမ်း ထုတ်လုပ်မှု အဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးခဲ့ရာ ရာဘာခြံပိုင်ရှင်က ရာဘာပင်များကို ရာဘာအစေးများ ခြစ်ယူမှု၊ နှစ်အလိုက်ရာဘာ ထွက်ရှိမှု၊ ရာဘာပြားများထုတ်လုပ်မှု၊ ရောင်းချမှုအခြေအနေများ ရှင်လင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကများအပြည့်အဝ စိုက်ပျိုးနိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးရေး၊ ကုန်ကြမ်း အရည်အသွေးများပြည့်မီစေရေး၊ ကုန်ကြမ်းများမှ ကုန်ချောထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်စေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး မှာကြားခဲ့ပြီး ရာဘာစေးများအား ခဲကန်အတွင်းထည့်သွင်းခြင်း၊ ခဲကန်အတွင်းရှိ ရာဘာအပြားများအားကြိတ်ခြင်း၊ ရေစစ်ခြင်း၊ နေလှမ်းခြင်း၊ မှိုင်းခံခြင်း စသည့်ကုန်ကြမ်းထုတ်လုပ်မှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ရာဘာခြံအတွင်း ရာဘာစိုက်ဧက (၄၈)ဧကနှင့် ရိုဘတ်စတာ(TR-4)ကော်ဖီ သီးညှပ်စိုက်ဧက (၅)ဧက စိုက်ပျိုးထားရှိမှု အခြေအနေများ ကြည့်ရှုခဲ့ရာ ခြံပိုင်ရှင်မှ ကော်ဖီပင်များကို စတင်စိုက်ပျိုးခဲ့မှုအခြေအနေများ၊ ကော်ဖီပင်များအား စနစ်တကျရေပေးမှု အခြေအနေများ၊ ရာဘာပင် ပေ ၂၀ ကြားတွင် ၁၀ ပေခြား၍ ကော်ဖီပင်များ သီးညှပ်စိုက်ပျိုး၍ အစိုဓာတ်ထိန်းသိမ်းခြင်း ဆောင်ရွက်မှု အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းများရေရှည် တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးနိုင်ရေး၊ နှစ်ရှည်ပင်များအတွင်း သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး မှာကြားခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က “တိုင်းရင်းသားလူမျိုးများအချင်းချင်း စည်းလုံးညီညွတ်စွာနေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသခံ တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့၏ သားသမီးများအား ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး ပံ့ပိုးပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း ကျောင်းနေအရွယ် ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး ပံ့ပိုးပေးလျက်ရှိကြောင်း၊ လူငယ်များလမ်းမှားမရောက်အောင် မိဘများအနေဖြင့် သွန်သင်ဆုံးမပေးကြရမည်ဖြစ်ကြောင်း” အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းဖွင့်ရက်ကာလ မရောက်မီ စာသင်ခန်းများ၊ ကျောင်းများ၊ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ကျေးရွာမီလင်းရေး၊ သောက်သုံးရေရရှိရေးအစရှိသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကော်ဖီစိုက်ဧကများ ပိုမိုတိုးတက် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေး ပညာရှင်များနှင့်ပေါင်းစပ်စိုက်ပျိုး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုင်းရင်းသားပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)