ကြံခင်း မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာပေ ချစ်မြတ်နိုးသူများအဖွဲ့ Women Club အဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “ရည်မှန်းချက်ရှိရမယ် ချစ်လို့ပြောတာမှတ်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက စာဖတ်ဝိုင်းများကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “ရည်မှန်းချက်ရှိရမယ် ချစ်လို့ပြောတာမှတ်ပါ” စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး စာပေချစ်မြတ်နိုးသူများအဖွဲ့ Women Club အဖွဲ့မှ ဒေါ်စန်းစန်းအေးက “အရွယ်ကပေးသည့်အသိ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သင်းသင်းက “အလုပ်နဲ့သက်သေပြပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နီလာဦးက “သက်ကြီးစကား” ခေါင်းစဉ် ဖြင့် လည်းကောင်း၊ ဒေါ်ခက်ခက်အောင်က “စေတနာဟာကံပါပဲ” ခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးဆွေး ဖတ်ကြားကြသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Women Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများအား အသီးသီး အပြန်အလှန် ဆွေးနွေးကြသည်။
ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဉ်လူထုအခြေပြု ဗဟိုဌာန (Community Centre ) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ဖြင့် စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ပြည့်စုံလာစေရန် ကာယ၊ ဉာဏပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အသိပညာပေး(Talk Show)များအား ပြည့်သူစာကြည့်တိုက် Facebook Page မှတဆင့် ရိုက်ကူးထုတ်ပေးခြင်း၊ ဆွေးနွေးပွဲများနှင့် သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို လစဉ်စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)