မြန်အောင် မေ ၁၇
မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ လုပ်ငန်းစဥ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ရှေးဦးပြုစုခြင်းဘာသာရပ်၊ ပညာရပ်များကို လူတိုင်းတတ်မြောက်စေရန်၊ ရုတ်တရက်နာမကျန်းဖြစ်ခြင်းနှင့်ထိခိုက်ဒဏ်ရာများရရှိပါက မှန်ကန်သောရှေးဦးပြုစုခြင်းနည်းဖြင့် ချက်ခြင်းပြုစုစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဦးဆောင်မှုဖြင့်မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးသူနာပြုစုခြင်း (အခြေခံ)အဆင့်သင်တန်း(၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့နယ် အ.ထ.က တာခွကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မြန်အောင်မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဦးဝင်းချိုဦးက အဖွင့်အမှာစကားပြောကြားပြီး မြန်အောင်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းဆွေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုရှင်း လင်းပြောကြားသည်။ ဆက်လက်၍ အ.ထ.က တာခွကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမာက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အ.ထ.က တာခွကျောင်းတွင်ဖွင့်လှစ်သော ရှေးဦးသူနာပြုစုခြင်း (အခြေခံ)အဆင့်(၂/၂၀၂၅) သင်တန်းကို မေလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျောင်းသား/ ကျောင်းသူ (၅၅)ဦး၊ ဆရာဆရာမ (၃)ဦးတို့အား ရှေးဦးသူနာ ပြုစုခြင်း ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)မြန်အောင်