ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နွေနှမ်းအထွက်နှုန်းတိုးတက်ရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် စံပြကွက်ဧက(၁၀၀)အတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်

ပွင့်ဖြူ မေ ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းစိုက်ပျိုးတောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူပညာပေးဆွေးနွေးဟောပြောခြင်းနှင့် စံပြကွက်ဧက (၁၀၀) အတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းကို မေ ၁၆ ရက်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ နွေနှမ်းစိုက်ပျိုးတောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းစနစ်များ၊ မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျသုံးစွဲရမည့် နည်းလမ်းများ၊ ပိုးမွှားရောဂါ မ‌ကျရောက်စေရေးကြိုတင်ကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများ၊ စိုက်ပျိုးရေစနစ်တကျသုံးစွဲရေးဆိုင်ရာလုပ်ငန်းများကို အသိပညာပေးဆွေးနွေးဟောပြောသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (မြေ၊ မျိုး၊ ပိုး) တာဝန်ခံဝန်ထမ်းများက နွေနှမ်းအထွက်နှုန်းတိုးတက်စေရေး မျိုး၊ မြေ၊ ရေ မှန်ကန်စွာ လုပ်ဆောင်ရမည့် နည်းစနစ်များ၊ နှမ်းစိုက်ခင်းများတွင် ရေကြီးနစ်မြုပ်မှုအန္တရာယ်ကင်းဝေးစေရန် ရေသွင်း/ရေထုတ်မြောင်းများနှင့် ပတ်မြောင်းများ၊ စိမ့်မြောင်းများ၊ ဖြတ်မြောင်းများကို စနစ်တကျပြုလုပ်ဆောင်ထားရှိရေး၊ ‌မြေဩဇာနှင့် သွင်းအားစုများ အချိုးကျသုံးစွဲရေးနှမ်းပင်များ ပန်းပွင့်ချိန်နှင့် အစေ့အဆံဖြည့်ချိန်တွင် သီးနှံအောင်ရေ အလုံအလောက်ရရှိရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက နွေနှမ်းစိုက်ပျိုးရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး တောင်သူ(၂၅)ဦး၏ နွေနှမ်းစံပြကွက်ဧက(၁၀၀)အတွက် ကွန်ပေါင်းဓာတ်မြေဩဇာအိတ် 50 KG အလုံး(၅၀)ကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး