ဝါးခယ်မတွင် အနှေးယာဥ် (ဆိုက်ကား) များအား လိုင်စင် သက်တမ်းတိုး ဆောင်ရွက်ပေး

ဝါးခယ်မ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ပြေးဆွဲနေသော အနှေးယာဥ် (ဆိုက်ကား) များအား လိုင်စင်သက်တမ်းတိုးခြင်းကို ယမန်နေ့မှစကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုး ဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်နှင့် ဝန်ထမ်းများက အနှေးယာဥ်များ ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ဥပဓိရုပ်ကောင်းမွန်မှု၊ မီး၊ ဘရိတ်၊ ထိုင်ခုံအုံးများ ကောင်းမွန်မှု၊ ရောင်ပြန်ပြားများ တပ်ဆင်ထားရှိမှု စသည့် လိုအပ်သော အချက်အလက်များအား အနှေးယာဥ် တစ်စီးချင်းအလိုက် ကြပ်မတ်စစ်ဆေးခဲ့ကြသည်။

ထို့နောက် အမှုဆောင်အရာရှိက အနှေးယာဥ်လုပ်သားများအား လိုက်နာရမည့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဝါးခယ်မမြို့ပေါ်အနေဖြင့် အနှေးယာဥ် စုစုပေါင်း ၄၈၈ စီးနှင့် ကျုံမငေးမြို့အနေဖြင့် အနှေးယာဥ် စုစုပေါင်း ၂၀၀ အား သက်တမ်းတိုး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ (ဝါးခယ်မ)