မကွေး မေ ၁၇
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့်မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က မကွေးမြို့ အ.ထ.က(၃) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး ဌာနဆိုင်ရာများ ပူးပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ လူမှုအဖွဲ့အစည်းများစုပေါင်း၍ မကွေးမြို့ အ.ထ.က ( ၃)အခြေခံပညာအထက်တန်းကျောင်း ဝင်းအတွင်းရှိ မြက်ပင်များ၊ သစ်ပင်ကြီးများနှင့် ချုံနွယ်များ အား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို အမှိုက်ကားများ ဖြင့် စနစ်တကျသိမ်းဆည်းခြင်းစသည့်တို့ကို ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့စည်းများအား အချိုရည်၊မုန့်၊ စားသောက် ဖွယ်ရာများနှင့် သောက်ရေသန့်များ ဝေငှပေးခဲ့ကြောင်း သိရှိရသည်။
မောင်ခိုင်မင်း