ချောက် မေ ၁၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သိမ့်ဝါက စားသုံးသူများ၏အခြေခံအခွင့်အရေးများနှင့် လိုအပ်ချက်များကို အလေးထားကာကွယ်ပေးနိုင်ရေး စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အသိပညာပေးဆောင်ရွက် ပေးနေမှု အခန်းကဏ္ဍများအားရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက အွန်လိုင်းမှ မှာယူသုံးစွဲရာတွင် စိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းမှ ကုန်စည်ဝယ်ယူရာတွင် အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ဆောင်ရွက်နေမှုများ၊ မှတ်ပုံတင် ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များ၊ လိမ်လည်မှုပုံစံ(၂)မျိုးဖြင့် လိမ်လည်နိုင်ကြောင်း၊ အွန်လိုင်းမှ ဝယ်ယူမှုများအတွက် နစ်နာဆုံးရှုံးမှုများ ရှိခဲ့လျှင်လည်း နည်းလမ်း(၅)မျိုးဖြင့် တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရာတွင်လည်း မိမိတို့ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းစသည့် နည်းလမ်း(၂)မျိုးဖြင့် ဖြေရှင်းပေးကြောင်း ပြောကြားခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုဖြစ်ပါက Call Center (1535)ကို ဆက်သွယ် တိုင်းကြားနိုင်သည့်အပြင် ပြည်တွင်းကုန်သွယ်မှုနှင့်ပတ်သက်၍ သတင်းအချက်များကိုလည်း ဖြေကြားပေးကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက Center(1535)သို့ ခေါ်ဆိုမှုများဆောင်ရွက်ခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ စားသုံးသူ(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး