ရန်ကင်း မေ ၁၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရန်ကင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စည်ပင်သာယာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်ရန်၊ မကြာမီ ကာလအတွင်း ကျောင်းများဖွင့်လှစ်မည်ဖြစ်သောကြောင့် သွေးလွန်တုပ်ကွေး ကြိုတင် ကာကွယ်ရေးနှင့် ခြင်များပေါက်ဖွားမှုမရှိစေရေးအတွက် အမှိုက်များ၊ မြက်များ၊ ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ရန်၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ ကျောင်းဝန်းရှိ သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများ ဆောင်ရွက်ကြရန်၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးနှင့် ခုံများအား ကြံ့ခိုင်မှု ရှိစေရေး ဆောင်ရွက်ကြရန်စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)