ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကျိုင်းတုံမြို့၊ နမ့်ခင်ချောင်း သဲနုန်းတူးဖော်ပေါင်ဆင့်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျိုင်းတုံ မေ ၁၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်အစိုးရအဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ(၁၅)ရက်နံနက်(၇)နာရီခွဲက ကျိုင်းတုံမြို့နယ်၊ ယန်းလော ကျေးရွာ၊ ကျိုင်းဖောင်းကျေးရွာအနီး နမ့်ခင်ချောင်း၊ သဲနှုန်းတူးဖော်ပေါင်ဆင့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြသည်။

ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းနှင့်ပတ်သက်၍ အကျိုးထိရောက်စွာဆောင်ရွက်ပေးရန်နှင့် သတ်မှတ်ကာလပြီးစီးအောင် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ တူးဖော်ပြီးနေရာအား ပြန်လည် တိုင်းတာပေးရန်နှင့် ချောင်း၏နဂိုမူလပမာဏနှင့် လက်ရှိပမာဏကို တိုင်းတာပေးရန် လိုအပ်ပါကြောင်း ဖြည့်စွက်မှာကြားခဲ့သည်။

အဆိုပါနမ့်ခင်ချောင်း သဲနုန်းတူးဖော်ပေါင်ဆင့်ခြင်းလုပ်ငန်းတွင် တူးဖော်မည့်အလျား (၉၅၀၀)ပေ၊ အောက်ခြေအကျယ်(၆၀)ပေ၊ ပျှမ်းမျှအနက် ၃ ပေ ၆ လက်မ မြေကြီးကျင်းပမာဏ ၂၃၇၈၅ ကျင်း၊ အကျိုးပြုဧရိယာ(၃၆၅၀)ဧကနှင့် လုပ်ငန်းစတင်ဆောင်ရွက်မှုမှာ ၂၀၂၅ ခုနှစ်၊ မတ်လ(၂၃)ရက်နေ့ စတင်ကြောင်း သိရှိရသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (တာကော်-မိုင်းပျဥ်း-ကျိုင်းတုံအပိုင်း)၊ မိုင်(၃၆၆/၇)အနီးတွင် ယာဥ်အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ် လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသူရဇော်မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မိုင်းပျဥ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့က မိုင်းပျဥ်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် မျိုးစေ့ပေးအပ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများကို သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနမှ ပညာပေးဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် အလေးနက်ထားဆောင်ရွက်ပေးစေလိုပါကြောင်း၊ ရာဂီမုန်တိုင်းဒဏ်ကြောင့် စိုက်ခင်းများ ထိခိုက်ပျက်စီးမှုများရှိခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထောက်ပံ့မှုများ ဆောင်ရွက်ပေး ခဲ့ပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးထားသောသီးနှံများ အထွက်တိုးစေရန် တစ်သီးမှနှစ်သီး စိုက်ပျိုးပေးရန်နှင့် တောင်သူများဝင်ငွေတိုးမှာဖြစ်ကြောင်း၊ တောင်သူများ လိုအပ်သော စိုက်ပျိုးရေး ရေများကိုလည်း ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် လိုအပ်ချက်များရှိပါက ဌာနဆိုင်ရာများ၊ တောင်သူများမှတင်ပြပေးစေလိုကြောင်း၊ တောင်သူများအား ပျက်စီးသွားသည့်နေရာတွင် မိုးစပါးများကို ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးချိုနိုင်ထွန်းက မျိုးစေ့ထောက်ပံ့ ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဝမ်ဖြစ်ကျေးရွာ အုပ်စု၊ ဆင်မောင်းကျေးရွာအုပ်စု၊ ပန်နောင်လုံကျေးရွာအုပ်စု၊ နောင်ကွဲကျေးရွာအုပ်စု၊ ဖါဝေါကျေးရွာ အုပ်စု၊ နားကျောင်းကျေးရွာအုပ်စု၊ ယမ်းမိုင်ကျေးရွာအုပ်စုရှိ တောင်သူများအား မျိုးစေ့ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ယင်းနောက် ဒေသခံတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တောင်သူများ လိုအပ်ချက်ဖြစ်သော ဒေသအတွက် သောက်သုံးရေရရှိရေး အခက်အခဲများတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ခေါက်လွိုင်ပေါက်စပါးမျိုး၊ ခေါက်လှိုင်းစပါးမျိုး၊ ခေါက်မွန်စပါးမျိုး၊ DU16စပါးမျိုး၊ ရွှေရင်အေးစပါးမျိုး၊ ကုန်းမြင့်၂စပါးမျိုး၊ ခေါက်လွိုင်ဟွမ်စပါးမျိုး၊ ခေါက်လွိုင်ဆမ်ကန်းစပါးမျိုး၊ တာပဲကူစပါးမျိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။      

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းပျဥ်းဆောက်လုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာသို့ ရောက်ရှိလာရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရဇော်မှ တာကော်-မိုင်းပျဥ်းလမ်းအပိုင်းတွင် (၂၉)နေရာ၌ လမ်းတာချဲ့ခြင်း၊ လမ်း(၃၄)ပေအကျယ် ဆောင်ရွက်မှုများ၊ ဆောင်ရွက်ရန် လမ်းအပိုင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က လမ်းများကိုသတ်မှတ်ထားသည့်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ ယခင်ကတ္တရာလမ်းများ ရေတိုက်စားမှုမျိုးမရှိစေရန်နှင့် လမ်းကြောင်းပြတ်တောက်မှုမရှိစေရန် ကွင်းဆင်းဆောင်ရွက်ကာကွယ်ပေးရန် လိုအပ်ပါကြောင်း မှာကြားပြီး လမ်းတာချဲ့ဆောင်ရွက်သည့် နေရာ၊ ကျောက်လမ်းနှစ်ဖက်ချဲ့ခြင်းနေရာ၊ ကျောက်စီရေမြောင်းနေရာ ဆောင်ရွက်မည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)