တောင်ကြီး မေ ၁၇
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်အတွင်းထိခိုက် ပျက်စီးခဲ့သည့် ဟိုတယ်၊ တည်းခိုရိပ်သာ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ညောင်ရွှေမြို့နယ်ရှိ ဟူပင်ဟိုတယ်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် က အဖွင့်အမှာစကားပြောကြားရာတွင် ငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်အတွင်း ကနဦးစာရင်းများအရ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၄၄) လုံး ထိခိုက်ပျက်စီးခဲ့ရာ အချို့မှာ ထိခိုက်ပျက်စီးမှုကြီးမားခဲ့ပြီး အချို့ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှာ အနည်းငယ်သာ ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ပြည်နယ်အစိုးရ အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာပြန်လည်နေထိုင်နိုင်ရန်နှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင် ရန်အတွက် သက်ဆိုင်ရာဌာနများပါဝင်သည့် စစ်ဆေးရေးအဖွဲ့များကိုဖွဲ့စည်း၍ ငလျင်ဒဏ်သင့် အဆောက်အဦများကို စစ်ဆေးပေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် စစ်ဆေးရေးအဖွဲ့များမှ တင်ပြလာ သည့် စစ်ဆေးတွေ့ရှိချက်များကို ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ပြုပြင်ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ အဆောက်အဦများ ပြန်လည်ပြုပြင်ရာတွင် လိုအပ်သည့်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို လွယ်ကူအဆင်ပြေစွာ ဝယ်ယူရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်ပမှ မှာယူဆောင်ရွက်ရမည့် ပစ္စည်းများရှိပါကလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဟိုတယ်များ၏ အတွင်း၊ အပြင် သန့်ရှင်းသာယာလှပ ရေး၊ မြို့ရွာသန့်ရှင်းသာယာလှပရေးကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များက လုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူးက မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ငလျင်ဒဏ်သင့် ဟိုတယ် နှင့်တည်းခို ရိပ်သာများအား နိုင်ငံတော်မှချေးငွေများစီစဉ်ပေးနိုင်ရေး စာရင်းများပြုစုတင်ပြပေးလျက်ရှိပါ ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် ညောင်ရွှေမြို့ရှိ Gold Star Hotel ၊ November Hotel ၊ အင်းလေးကန် အတွင်းရှိ ရွှေကျွန်းမျောဟိုတယ် နှင့် ရွှေအင်းသာ ဟိုတယ်တို့အား လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)