ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး စိန်ဝင်း မိုးသည်ထန်စွာရွာသွင်းမှုကြောင့် နေအိမ်နှင့်အုတ်တံတိုင်းများ ပြိုကျပျက်စီးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး မေ ၁၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ လိုက်ပါလျက် တောင်ကြီးမြို့၊ ညောင်ဖြူ စခန်းရပ်ကွက်၊ နယ်မြေ(၁၅)၊ ဂုဏ်ထူလမ်းနှင့်ဂုဏ်ထူးလမ်းသွယ်တို့တွင် မေ ၁၅ ရက်နေ့က မိုးသည်ထန်စွာ ရွာသွင်းမှုကြောင့် နေအိမ်အုတ်တံတိုင်းများ ပြိုကျပျက်စီးနေမှုကို ယမန်နေ့နံနက် ၉ နာရီ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊နယ်မြေ (၁၅)၊ ဂုဏ်ထူလမ်းနှင့် ဂုဏ်ထူးလမ်းသွယ်တို့ တွင် မေ ၁၅ ရက်နေ့က မိုးသည်ထန်စွာရွာသွင်းမှုကြောင့် နေအိမ်အုတ်တံတိုင်းများ ပြိုကျ ပျက်စီးနေသော အုတ်ခဲများ၊ နှုန်းသဲများအား ရှင်းလင်းပေးနေမှုအား ကြည့်ရှုခဲ့ရာတွင် ပြည်နယ် စည်ပင်သာယာရေးဌာန ညွန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့များက နေအိမ်နှင့်အုတ်တံတိုင်းများ ပြိုကျပျက်စီးသွားသော အဆောက်အဦအတွင်းရှိ ပစ္စည်းများအား ရှင်းလင်းပေးနေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သွားရောက်ကြည့်ရှု၍ အားပေးစကား ပြောကြားခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် တောင်ကြီးမြို့၊ စစ်စံထွန်းရပ်ကွက်၊ မြကန်သာလမ်းဆုံတွင် မော်တော်ယာဥ်များယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ လမ်းကောင်းမွန်ရေးနှင့် မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများပြုပြင်ခြင်း၊ အုတ်စီခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်စည်ပင်သာယာရေးဌာန ညွန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ လိုက်ပါလျက် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်(၃) မြေထိန်းနံရံကျောက်စီခြင်း ရေကန်ပြန်လည်တူးဖော် ပြုပြင်ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ကန်များ ပြုပြင်ဆောင်ရွက်ပြီးစီးပါကရေများဝင်ရောက်မည့်အခြေအနေနှင့် ရေကန်အတွင်း အနံ့အသက်မရှိစေရေး ဆောင်ရွက်ပေးရန်၊ ရေကန်ဘေးပတ်လည်တွင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ စိုက်ပျိုးပေးရန် ပြောကြားခဲ့သည်။

စိုင်းသန်းကျော်(တောင်ကြီး)