မင်းဘူး မေ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆီထွက်သီးနှံအဖြစ် နွေနှမ်း စိုက်ခင်းများ စိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မေလ ၁၆ ရက် (ယနေ့) နံနက် ၉ နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ရေပုတ် ကျေးရွာ၊ ကွင်းအမှတ် ၁၂၃၇(ခ) သို့သွားရောက်ပြီး တောင်မန်းမြောင်းမကြီး ပေတိုင် ၇၇၁၅၀ ရှိ ဒေသခံ တောင်များ၏ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရေး တင်ပြမှုများအပေါ် ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ တောင်သူမြောင်း စိုက်ပျိုးရေရရှိရေးအတွက် ရေပေး/ရေချအဆောက်အဦ ဆောင်ရွက် ပေးနိုင်ရေး ဆည်းမြောင်းဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူး-စကု ကားလမ်းဘေး မိုင်တိုင်အမှတ် (၇/၀)ရှိ ရေပုတ်ကျေးရွာ၊ ကွင်းအမှတ် ၁၂၃၇ (က)သို့ရောက်ရှိပြီး ဆီထွက်သီးနှံအဖြစ် နွေနှမ်းစိုက်ခင်းများ စိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများမှ မင်းဘူး(စကု)မြို့နယ်၏ စိုက်ပျိုးရေး ဆိုင်ရာ အချက်အလက်များ၊ ရာသီအလိုက် သီးနှံစိုက်ပျိုးထားရှိမှု၊ နွေနှမ်းများ စိုက်ပျိုးပြီးစီးမှုနှင့် စိုက်ပျိုးရေရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ရှင်လင်းဆောင်တွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့်အညီ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရန်နှင့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ပြီး အသုံးပြုစိုက်ပျိုးရန် အထူးလိုအပ်မည်ဖြစ်ကြောင်း၊ နွေးနှမ်းများ စိုက်ပျိုးရာတွင်လည်း ရာသီဥတု ဒဏ်ခံနိုင်ရန်နှင့် စိုက်ပျိုးရေအစိုဓါတ် လုံလောက်မျှတ ကောင်မွန်စွာရရှိရန် စိုက်ကွင်းများ အတွင်း စိမ့်မြောင်း၊ ပတ်မြောင်းများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများ ကိုလည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင်သာ အကျိုးရှိရှိ အသုံးချဆောင်ရွက်ရေး ပြောကြားကာ ဒေသခံတောင်သူများ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ လိုအပ်ချက် တင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တက်ရောက်လာသော ဒေသခံတောင်သူများအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျော် မျိုးစေ့များပေးအပ်ပြီး ရေပုတ် ကျေးရွာ စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာဆောင်များ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)