ကြံခင်း မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကွေ့မအုပ်စုတောင်သူ ဦးမျိုးဆွေဦး လယ်မြေတစ်ဧကတွင် ယနေ့နံနက် ၇ နာရီက နွေစပါးစံပြရိတ်သိမ်းခြင်း အခမ်းအနားကိုပြုလုပ်ရာ ခရိုင်/မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ကြသည်။
ထိုသို့ နွေစပါးစံပြရိတ်သိမ်းနေမှုအား ခရိုင်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ ကွေ့မအုပ်စု၊ ကွင်းအမှတ် ၄၅၊ ဦးပိုင်အမှတ် ၁၀၃ တောင်သူ ဦးမျိုးဆွေဦး၏ လယ်မြေ ၀.၄၀ ဧက နွေစပါးရိတ်နေမှုကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ နွေစပါးစံပြစိုက်ခင်းမှ တစ်ဧကအထွက်နှုန်း အစိုတင်း(၁၂၁)တင်း၊ အခြောက် (၁၁၀.၅၀) တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)