နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် လပွတ္တာမြို့နယ်အတွင်းရှိ ကဏန်းပျော့မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပုသိမ် မေ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် လပွတ္တာမြို့နယ်အတွင်းရှိ ကဏန်းပျော့မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ လပွတ္တာမြို့နယ် တက်စ်ကမ်မရိန်းလပွတ္တာလီမီတက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ကုမ္ပဏီဆိုင်ရာအချက်အလက်များ၊ ကဏန်းပျော့မွေးမြူထုတ်လုပ်ပုံအဆင့်ဆင့်၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး‌ဆောင်ရွက်ထားရှိမှုများ၊ ပိုးသတ်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်ခြင်းများ၊ နှစ်စဉ်ကုန်ပစ္စည်းတင်ပို့ရောင်းချမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ကဏန်းပျော့မွေးမြူ၊ ထုတ်လုပ်ပုံအဆင့်ဆင့် ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က ကုမ္ပဏီ၏ရင်းနှီးမြုပ်နှံမှု၊ ကုန်ကြမ်းရရှိမှုဈေးကွက်သို့ တင်ပို့ဖြန့်ဖြူးမှုအခြေအနေများအား မေးမြန်းခဲ့ရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် လပွတ္တာမြို့နယ်အတွင်းရှိ အအေးခန်းစက်ရုံများနှင့် ငါး၊ ပုဇွန်၊ ကဏန်း လုပ်ငန်းရှင်များမှ မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက လက်ခံခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စူပါရွှေကဏန်းမွေးမြူရေးလုပ်ငန်းသို့သွားရောက်၍ ကဏန်းမွေးမြူရေးကန် ၁ ကန်လျှင် ၄ ဧကဖြင့် ကန် ၈ ကန်တွင် ကဏန်းပျော့မွေးမြူ၊ ထုတ်လုပ်နေမှု‌များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသည့် လုပ်ငန်းငယ်များ၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများအား ပံ့ပိုးဆောင်ရွက်ပေးမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုများအား ရှင်းလင်းတင်ပြရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

ကျော်ဟိန်း(ပြန်/ဆက်)