လှိုင်းဘွဲ မေ ၁၆
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အနောက်ဘက် သံလွင်မြစ်အတွင်း၌ရှိကြသော ကော့ကရက်ကျွန်းနှင့် ကော့လုံကျွန်းတို့တွင် စိုက်ပျိုးရေးလုပ်ကိုင်နေကြသောတောင်သူများအနေဖြင့် စားဖိုဆောင် သီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်နေလျက်ရှိပြီး အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ကြံ၊ ပဲတီစိမ်း၊ ပဲပုပ်၊နှမ်း နှင့်မြေပဲစသည့် သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြ သည်။
လှိုင်းဘွဲမြို့နယ်၊မြိုင်ကြီးငူအထူးဒေသအနီးရှိ ကော့ကရက်ကျွန်းနှင့် ဖာပွန်မြို့နယ် ကမမောင်းမြို့ ၏ အရှေ့ဘက်ရှိ ကော့လုံကျွန်းတို့မှာ မိုးရာသီကာလ သံလွင်မြစ် ရေကြီး၊ရေလျှံဖြစ်ပေါ်သည့် ကာလ များအတွင်း ကျွန်းမြေအားလုံး ရေကြီးနှစ်မြုပ်မှုကိုနှစ်စဉ် မိုးတွင်းကာလများတွင် ကြုံတွေ့ခံစားကြရ သဖြင့် မိုးစပါးကို စိုက်ပျိုး၍မရဘဲ၊ ရေကျနောက်စိုက်သက်တမ်းတို စပါးမျိုးတို့ကိုသာ တောင်သူ အချို့က စိုက်ပျိုးလုပ်ကိုင်နေကြရကြောင်း သိရသည်။
ကော့လုံကျွန်းတွင် ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာပေါင်း(၁၄)ရွာရှိပြီး၊ ကော့ကရက်ကျွန်းတွင် ကျေးရွာ အုပ်စု (၁)စု အိမ်ခြေ(၁၈၀)ကျော်ရှိကြောင်း၊ အဆိုပါကျွန်း နှစ်ကျွန်း၏ ကိုင်း/ကျွန်းမြေ ဧရိယာမှာ စုစုပေါင်း(၄၈၆၆)ဧကရှိကြောင်း၊ မိုးရာသီကာလ ရေကြီးနှစ်မြုပ်သည့်အတွက် သီးနှံများ စိုက်ပျိုး၍မရကြသဖြင့် ဆောင်းရာသီနှင့် နွေရာသီကာလများတွင်သာ စိုက်ပျိုးရေးလုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ကြရကြောင်း သိရသည်။
အဆိုပါ ကျွန်းနှစ်ကျွန်းတို့တွင်နေထိုင်ကြသည့်တောင်သူအချို့က ဘုရားပန်းများနှင့်စားဖိုဆောင်သီးနှံများဖြစ်ကြသော ကန်စွန်းရွက်၊ မှုံညင်း၊ဆလပ်၊ ခရမ်းချဉ်၊ ခရမ်းသီး၊ ပဲတောင့်ရှည်၊ သခွားသီး၊ ချဉ်ပေါင်၊ ရုံးပတီ၊ ဟင်းနုနွယ်၊ ဘူးသီး၊ ရွှေဖရုံပင်၊ ကျောက်ဖရုံပင်၊ နံနံပင်စသည့် သီးနှံများကို စိုက်ပျိုးလျက်ရှိကြပြီး သီးနှံများရေရရှိစေရေးအတွက် သံလွင်မြစ်အတွင်းမှရေကို စက်များဖြင့် ရေတင်စိုက်ပျိုးကြကြောင်း၊ သီးနှံများအထွက် တိုးနိုင်စေရန် နွားချေး၊ကြက်ချေး၊ဝက်ချေးများနှင့် ဘိုကာချီသဘာဝမြေသြဇာများကိုသာအသုံးပြု စိုက်ပျိုးခဲ့ကြပြီး၊ စိုက်ပျိုးသည့် သီးနှံစုံ၊ စိုက်ပျိုးနိုင်ကြ သည့်မြေဧကပေါ်မူတည်၍ နေ့စဉ်ဝင်ငွေရရှိကြကြောင်း သိရသည်။
ကျွန်းမြေ(၄)ဧက၌ စားဖိုဆောင်သီးနှံကိုစိုက်ပျိုးလုပ်ကိုင်နေသည့် တောင်သူဦးစောဖိုးထူးက နေ့စဉ်ပျမ်းမျှတစ်ရက်လျှင် ငွေကျပ် (၈)သောင်းနှင့်(၁)သိန်းဝန်းကျင် ဝင်ငွေရရှိလျက်ရှိကြောင်း၊ ကျေးရွာအနီးဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများအတွက်လည်း သီးနှံများကိုလှူဒါန်းပေးလျက်ရှိကြောင်း ရှင်းပြပေးခဲ့သည်။
စောဒိ( ပြန်/ဆက်)