ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့၊ ခရီးစဉ်ဒေသများရေရှည်တည်တံ့ရေးနှင့် ခရီးသွားဧည့်သည် ပိုမိုဝင်ရောက်နိုင်ရေး ကြည့်ရှုစစ်ဆေး

ဘားအံ မေ ၁၆

ကရင်ပြည်နယ်အတွင်း ရာသီမရွေးလည်ပတ်သွားလာနိုင်သော ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့ ပတ်ဝန်းကျင်ရှိ ဗုဒ္ဓဂယာခရီးစဉ်ဒေသနှင့်ဣစ္ဆာသယဂူတို့အား လည်ပတ်ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၏အရှေ့တောင်ဘက် (၇)မိုင်ခန့်အကွာရှိ သမိုင်းဝင်ဗုဒ္ဓသံ ဝေဇနိယလေးဌာနအထိမ်းအမှတ် ဗုဒ္ဓရုပ်ပွားတော်များနှင့်ကျောက်စာတိုင်များ ထုလုပ်ပူဇော်ထားသော ဗုဒ္ဓဂယာခရီးစဉ်ဒေသအားတည်ထောင်သူ ဆရာတော်ဘဒ္ဒန္တအရှင်စန္ဒာဝရအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြ၍ ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံဝေဇနိယဗုဒ္ဓဂယာသာသနာပြုဌာန ပွင့်တော်မူ ဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုကြပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးကြကာ အများပြည်သူကြည်ညိုလေ့လာနိုင်ရန် ထုလုပ်ပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော်များနှင့်ကျောက်စာတိုင်များအား လှည့်လည် ဖူးမြော်ကြည်ညိုခဲ့ကြသည်။

သံဝေဇနိယဗုဒ္ဓဂယာခရီစဉ်ဒေသသည် ကော့ကသောင်ကျေးရွာအနီးတွင်တည်ရှိပြီး ဖွား၊ ပွင့်၊ ဟော၊ စံ ဗုဒ္ဓဝင်ကို သရုပ်ဖော်ထားကာ ရာသီမရွေးသွားလာလည်ပတ်နိုင်သကဲ့သို့ လာရောက်လေ့လာ ဖူးမြော်ကြသည့် ခရီးသွားဘုရားဖူးဧည့်သည်များအား နေ့စဉ်စတုဒိသာဖြင့်တည်းခင်းဧည့်ခံရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စတုဒိဿာတည်ခင်းဧည့်ခံမှုအား ကြည့်ရှုအားပေး၍ ခရီသွားပြည်သူများနှင့်အတူတကွသုံးဆောင်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရီးသွားဧည့်သည်များအကြား ရေပန်းစားသည့် ခရီးစဉ် ဒေသတစ်ခုဖြစ်သော ဘားအံမြို့၏အရှေ့ဘက်(၇)မိုင်ခန့်အကွာ နောင်ပလိန်ကျေးရွာအနီး အရှည် ၁၂၀၀ ပေခန့်ရှိ နှစ်ဖက်ပွင့်သဘာဝထုံးကျောက် ဣစ္ဆာသယလိုဏ်ဂူသို့သွားရောက်ပြီး ဆရာတော်အရှင်ဆန္ဒာဓိကအား ဖူးမြော်ကြည် ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေ များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အရှည် ၁၂၀၀ ပေခန့်ရှိ မူလသဘာဝအတိုင်း တည်ရှိနေသော နှစ်ဖက်ပွင့်ဣစ္ဆာသယလိုဏ်ဂူအတွင်းပိုင်းသို့ ဝင်ရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကာ ရေရှည်တည်တံ့သောခရီးစဉ်ဒေသဖြစ်စေရေး၊ ခရီးသွား ဧည့်သည်များပိုမိုလာရောက်လေ့လာလည်ပတ်ဖူးမြော်နိုင်ရေး၊ အစဉ်သန့်ရှင်းသာယာသောခရီးစဉ် ဒေသတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဘားအံခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ နှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များအား မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)