ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး၊ ထောက်ပံ့ငွေပေးအပ်နေမှု၊ ဆန်နှင့် စားသုံးဆီများ ဖြန့်ဝေပေးနေမှုကြည့်ရှုအားပေး

စစ်တွေ မေ ၁၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ စခန်းများသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးကြပြီး ထောက်ပံ့ငွေပေးအပ်နေမှု၊ ဆန်နှင့် စားသုံးဆီများဖြန့်ဝေ ပေးနေမှုတို့ကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မင်းဂံရပ်ကွပ်ရှိ ဥဿလင်း ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ နဝကမ္မ အလှူငွေများ လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက် အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများနေထိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်သူများ အေးချမ်းစွာနေထိုင်ချက်ပြုတ် စားသောက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရေး၊ လုံခြုံရေးအတွက် ဆိုလာမီးများတပ်ဆင်ပေးနိုင်ရေး၊ ရေရရှိရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ကျောင်းဖွင့်ရာသီတွင် ကလေးငယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီး စခန်းအတွင်းရှိ ကလေးငယ်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဂံရပ်ကွက်ရှိ ဝိဘဇ္ဇဝါဒီကျောင်းတိုက်၊ မစိုးရိမ်ကိန်းသာကျောင်းတိုက်၊ ဓညဝတီရပ်ကွက်ရှိ အသျှင်ဥတ္တရကျောင်းတိုက်၊ ဗုဒ္ဓကျေးဇူး ကျောင်းတိုက်၊ သာသနာရာမကျောင်းတိုက်၊ လမ္မတော်မြောက်ရပ်ရှိ သဒ္ဒမ္မဇောတိကာရုံ ကျောင်းတိုက်များသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ နဝကမ္မအလှူငွေများ လှူဒါန်းကြသည်။

ထိုသို့ သွားရောက်စဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ  ပြည်သူများနေထိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်မှ ယာယီနေရပ်စွန့်ခွာပြည်သူ တစ်ဦးလျှင် (၁)လ ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ပေးနေမှု၊ ဆန်ရိက္ခာနှင့်စားသုံးဆီများ ထောက်ပံ့ပေးနေမှုတို့ကို ရှင်းလင်းပြောကြားပြီးစခန်းအတွင်း ဆိုလာမီတိုင်များ တတ်ဆင်ပေးနိုင်ရေး၊ သန့်ရှင်းသော ရေရရှိရေး၊ ယင်လုံအိမ်သာများ အသုံးပြုနိုင်ရေး၊ စနစ်တကျ ချက်ပြုတ်စားသောက်နိုင်ရေး၊ စခန်းအတွင်း သတ်မှတ်ထားသောစည်းကမ်း၊ စည်းမျဉ်းများနှင့်အညီ နေထိုင်နိုင်ရေးတို့ကို ဆောင်ရွက် သွားကြရန်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စခန်းတာဝန်ခံများအား မှာကြားခဲ့ပြီး ကလေး ငယ်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ဓမ္မာရာမ ဘုန်းတော်ကြီးကျောင်းတိုက်နှင့် ကုန်တန်းရပ်ကွက်ရှိ ယတြာဘုန်းတော်ကြီးကျောင်း တိုက်များသို့ သွားရောက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးနေမှု၊ နိုင်ငံတော်မှ ယာယီနေရပ်စွန့်ခွာပြည်သူ တစ်ဦးလျှင် (၁)လ ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးသော ငွေများအား ထုတ်ပေးနေမှု၊ ဆန်ရိက္ခာများ ထောက်ပံ့ပေးနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)