မြန်အောင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူး ရောင်းချသော လက်လီ၊ လက်ကား ကိုယ်စားလှယ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်အောင်  မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချသော လက်လီ၊ လက်ကားကိုယ်စားလှယ်များနှင့် ယနေ့နေ့လယ်က မြန်အောင်မြို့ ပြန်/ဆက်ဦးစီးဌာန Community Centre ခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦးနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်တို့က စားအုန်းဆီဖြန့်ဖြူးရောင်းချသော လက်လီ၊ လက်ကား ကိုယ်စားလှယ်များအနေဖြင့် စားအုန်းဆီများကို သတ်မှတ်ပမာဏကို သတ်မှတ်စျေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်မီစွာ ရောင်းချပေးရန်၊ နေ့စဉ်ပိဿာစျေးနှုန်း ဆိုင်းဘုတ်ဗီနှိုင်းများကိုကပ်၍ ရောင်းချကြရန်၊ စျေးနှုန်းမြှင့်တင်၍ တစ်ဆင့်ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဖော်ထုတ်တွေ့ရှိပါက သတိပေးခြင်း၊ ခံဝန်ကတိလက်မှတ်ရေးထိုးခြင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် စားအုန်းဆီဖြန့်ဖြူးရောင်းချသော လက်လီ၊ လက်ကားကိုယ်စားလှယ်များ၏ ဆွေးနွေးမေးမြန်းချက်များကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက စာကြည့်တိုက်လုပ်ငန်းနှင့် ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(၂) ဟင်္သာတမှ ရဲအုပ်လွှမ်းမိုးထွန်းက လူကုန်ကူးမှု၏အဓိပ္ပာယ်၊ လူကုန်ကူးမှုဖြစ်နိုင်သော ပတ်ဝန်းကျင်အခြေအနေများ၊ လူကုန်ကူးမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် နည်းလမ်းများ၊ ဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ပုံများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ဝေသောလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)