မအူပင် မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များကျရောက်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီက မအူပင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်ဦးဆောင်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြမှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုး၀င်းနှင့် အဖွဲ့ဝင်များ၊ မအူပင်မြို့အထွေထွေရောဂါကုဆေးရုံကြီးမှအထူးကုဆရာ၀န်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့် လူမှုကူညီရေးအသင်းများပူပေါင်း၍ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ငလျင်ဘေးအန္တရာယ်ကြုံတွေ့ပါက ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန် ယာဉ်များထွက်ခွာမှု၊ အဆောက်အအုံအတွင်း ပိတ်မိနေသူများအား ရှာဖွေကူညီကယ်ဆယ်နေမှု၊ထိခိုက်ဒဏ်ရာ ရရှိသူများအား ဘေးကင်းရာသို့ပို့ဆောင်ခြင်းလုပ်ငန်းများ၊ ရှေးဦး သူနာပြုနည်းစနစ်များဖြင့် ကုသပေးခြင်းလုပ်ငန်းများနှင့် ထိုခိုက်ဒဏ်ရာရရှိမှုအဆင့်အလိုက် ဦးစားပေးအဆင့်သတ်မှတ်၍ ကုသပေးခြင်း လုပ်ငန်းများအားသရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)