လိပ်သို မေ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ၌ စိုက်ပျိုးရလွယ်ကူပြီး မိသားစုအပိုဝင်ငွေ ရရှိနိုင်သော ဘူးပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချလျက်ရှိနေကြောင်း သိရသည်။
ဘူးပင်သည် စိုက်ပျိုးရလွယ်ကူပြီး ရှင်သန်လွယ်သော အပင်မျိုးဖြစ်ကြောင်း၊ အများအားဖြင့် မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးလေ့ရှိ သော်လည်း မြေအစိုဓါတ်ကောင်းစွာရှိပါက ရာသီမရွေးစိုက်ပျိုးနိုင်သော အပင်မျိုးဖြစ်ကြောင်း၊ အသီးများမဆွတ်ခူးမီအချိန်တွင် အသီးကိုအားပေးသည့် အညွန့်ကို ထားရှိပြီးကျန်ရှိသောအညွန့်များကို ခူးယူရောင်းချရသည် ဖြစ်၍ ဝင်ငွေစတင်ရရှိနိုင်ကြောင်း ဘူးပင်စိုက်ပျိုးသူ ဒေသခံတစ်ဉီးထံမှ သိရသည်။
လိပ်သိုမြို့ပေါ်၌ ဘူးသီးတစ်လုံးလျှင် အရွယ်အစားပေါ်မူတည်၍ (၃၀၀၀) ကျပ်မှ (၄၀၀၀) ကျပ်အထိ စျေးရရှိကြောင်း၊ ဘူးသီးမှာမိသားစုအတွက် ချက်ပြုတ်စားသောက်ဖွယ်ရာ ဟင်းလျာ အပြင် ဘူးသီးကြော်ရောင်းချသည့်ဆိုင်များမှလည်း ဝယ်ယူအသုံးပြုသည်ဖြစ်ရာ ဝယ်လိုအားရှိသည့် အသီးဖြစ်သည့်အတွက် ရောင်းချရာတွင်အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်