ပွင့်ဖြူ မေ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်လုံးကျော်ကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ၌ ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာတာဝန်ရှိသူများ၊ အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုးကျေးဇူးများနှင့် လိုက်နာရမည့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်း ၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းစက်ဝန်းကာလ သတ်မှတ်ချက်များ၊ အတိုးနှုန်းသတ်မှတ်ချက်များ၊ ငွေစာရင်းဇယားပြုစုထိန်းသိမ်းရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၃၄ သန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက သူဌေးကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅၀ ဦးကို ငွေကျပ် ၂၅ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၂ ဦးကို ငွေကျပ် ၇ ဒသမ ၅ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃ ဦးကို ငွေကျပ် ၁ ဒသမ ၅ သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၈၅ ဦးကို ငွေကျပ် ၃၄ သန်းအား ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)