လပွတ္တာ မေ ၁၅
လပွတ္တာ မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက် အထိ သတ်မှတ်ထားပြီး ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ကြားနိုင်စေရန်နှင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် လပွတ္တာမြို့၏ လူစည်ကားရာနေရာဖြစ်သည့် အမှတ်(၄)ရပ်ကွက် ဆုတောင်းပြည့်ဘုရားကြီးအနီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်အား ယနေ့နံနက် ၇ နာရီအချိန်က စိုက်ထူခဲ့ကြသည်။
မြန်မာနိုင်ငံ တစ်ဝန်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများ တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးနှင့် ပျက်ကွက်မှုမရှိစေရေးအတွက် အကောင်အထည်ဖော်ရာတွင် အသက်(၃)နှစ်မှစ၍ မူကြိုထားရှိနိုင်ရေးနှင့် အသက်(၅)နှစ်မှစ၍ အခြေခံပညာကျောင်းများသို့ ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် ကွင်းဆင်းစည်းရုံးဆောင်ရွက်ခြင်းများ၊ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်တင်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)