ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီး၌ သဘာဝဘေးအန္တရာယ်နှင့် လူအများအစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ကုသဆောင်ရွက်ပေးနိုင်ရေး Case scenario များဖြင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်

ဟင်္သာတ မေ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လူအများအစုလိုက် ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီ အချိန်က ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသရေးဆောင်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာတွင် ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းဦးဆောင်၍ ကုသရေးဦးစီးဌာနမှ လူအများအစုလိုက် ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှေ့ပြေးဆေးအဖွဲ့၊ ကွပ်ကဲရေးအဖွဲ့၊ ကုသရေးအဖွဲ့၊ လူနာလွှဲပြောင်းကုသရေးအဖွဲ့၊ အထောက်အကူပြုအဖွဲ့များဖွဲ့စည်း၍ စနစ်တကျစီမံခန့်ခွဲထားရှိပြီး၊ ဟင်္သာတမြို့ပေါ်ရှိ လူမူကူညီရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဆေးရုံဝန်ထမ်းများနှင့် ပူးပေါင်းဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဘေး/စီမံဌာနတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးများက တက်ရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/က်)