ပုသိမ် မေ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာရှိ ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာရှိ ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံသို့ရောက်ရှိ၍ ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံ(လပွတ္တာ) တာဝန်ခံက ကျွဲမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ မျိုးဖြန့်ဖြူးရောင်းချမှု၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးရန်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျွဲမွေးမြူရေးခြံ ဆောက်လုပ်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကျွဲမွေးမြူရေးအသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံမှ ခိုင်းကျွဲများ တိုးတက်မွေးမြူထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်၊ ခိုင်းကျွဲ၊ နွား အစာထုတ်လုပ်ကျွေးမွေးခြင်း ပညာပေးလုပ်ငန်းများဆောင်ရွက်ရန်၊ ကျွဲကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရန်၊ ခိုင်းကျွဲမျိုးပွား၊ မျိုးထိန်းသုတေသနလုပ်ငန်းများဆောင်ရွက်ရန်၊ ကျွဲမွေးမြူရာတွင် စာကျက်မြေနေရာသည် အရေးကြီးသောကြောင့် လွှတ်ကျောင်းနိုင်သည့် စာကျက်မြေနေရာများရရှိရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ရေကိုလုံလောက်စွာရရှိရေး ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ကျော်ဟိန်း(ပြန်/ဆက်)