နတ်မောက်မြို့၌ ရာသီစာ ထန်းသီးဆံရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

နတ်မောက် မေ ၁၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ မြို့မဈေးကြီးသို့ ဒေသမှထွက်ရှိသော ရာသီစာထန်းသီးဆံ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ကျေးလက်နေသူများအနေဖြင့် မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြပြီး မိမိတို့ယာစည်းရိုးများတွင် စိုက်ပျိုးထားရှိသည့် အသီးအနှံများကို ရာသီအလိုက် ခူးယူရောင်းချလျက်ရှိကြောင်း၊ သဘာဝအလျောက် ပေါက်ရောက်လျက်ရှိတဲ့ ထန်းပင်မှ အသီးပေါ်ချိန်ကာလဖြစ်တာကြောင့် အသီးမှ အဆံများထုတ်ယူ ရောင်းချကြကြောင်း၊ မိမိအိမ်မှ ကျွဲ၊ နွားစာအဖြစ် ထန်းသီးကို ဓားဖြင့်စဉ်း၍ ခုတ်ကျွေးကြကြောင်း၊ ရာသီပေါ် အစားအစာဖြစ်တာကြောင့် ထန်းသီးဆံများ ဝယ်ယူစားသုံးကြကြောင်း၊ ထန်းသီးဆံ (၁၀) ဆံကို (၇၀၀)မှ (၅၀၀)  ကျပ်ဖြစ်ရောင်းချရကြောင်း၊ သဘာဝထန်းပင်မှ အသီးကိုခူးယူရောင်းချကြသလို ထန်းလျက်၊ ထန်းရည်များလည်း ရာသီအလိုက် ပြုလုပ်ရောင်းချရကြောင်း၊ လုပ်သားအရင်းအနှီးကိုသာ အသုံးပြုရတာကြောင့် မိသားစုအတွက် ဝင်ငွေပိုမိုရရှိကြောင်း  ရောင်းချသူများထံမှ သိရသည်။

နတ်မောက်မြို့နယ်တွင် ထန်းသီးဆံ၊ ထန်းလျက်၊ ထန်းရည်များကို တွင်းကြီး၊ ဖလန်ပင်၊ စခန်းမ၊ ဒီးဒုတ်ကုန်း၊ တောင်ထောင့်၊ ပင်းမြို့၊ ပ/လက္ခုပ္ပင်ကျေးရွာများမှ  ပြုလုပ်ရောင်းချကြကြောင်း သိရသည်။

မူမူစန်း