အထက်မင်းလှ မေ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လျာထားချက် ပြည့်မီရေးဆောင်ရွက်ရန်၊ ပိုက်ဆံလျှော်နှင့် ဆီထွက်သီးနှံမိုးနေကြာစိုက်ပျိုးရန်၊ ဒေသကြက်နှင့်ဥစားကြက် တိုးချဲ့မွေးမြူရေး ဆောင်ရွက်ရန်၊ မကြာမီကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်၍ စာသင်ခုံ၊ စာသင်ခန်းများနှင့်ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးကြိုတင် ပြင်ဆင်ထားရှိရန်၊ ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ မိဘများ၊ ဆရာ၊ ဆရာမများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ မိုးရာသီကာလရောက်ရှိပြီဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ရေးတို့အား ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေး ဆောင်ရွက်ရန်၊ မြို့ရွာစိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ သစ်ပင်စိုက်ပျိုးရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး စက်မှုသင်တန်းကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာအကြောင်းအရာများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသကြက်မွေးမြူရေး၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)