မင်းဘူး(စကု)မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် သင်တန်းများဖွင့်လှစ်

မင်းဘူး မေ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း အသေးစားကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းနှင့် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများကို ယမန်နေ့ နံနက်ပိုင်းက ပိုက်သင်စံပြကျေးရွာ၊ ကမ်းနီကျေးရွာနှင့် နန်းဦးကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး၊ မင်းဘူးခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စိုးစိုးစံက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက သင်းတန်းသားများထံ သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများနှင့် စာရေးကိရိယာများကို ပေးအပ်ခဲ့သည်။

မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် စီမံကိန်းလုပ်ငန်းများမှာ ပိုက်သင်စံပြကျေးရွာနှင့် နန်းဦးကျေးရွာတို့၌ အခြေခံစက်ချုပ်နည်းပညာသင်တန်း၊ ကမ်းနီကျေးရွာ၌ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတို့ကို ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းတစ်ခုတွင် သင်တန်းသား ၁၅ ဦးနှုန်းဖြင့် သင်တန်းကာလမှာ စက်ချုပ်နည်း ပညာသင်တန်းတွင် အခြေခံနှင့် မွမ်းမံသင်တန်းအဖြစ် ရက်ပေါင်း (၄၅) ရက်၊ စားသောက်ကုန် သင်တန်းတွင် အခြေခံနှင့် မွမ်းမံသင်တန်းအဖြစ် ရက်ပေါင်း (၁၄) ရက် သတ်မှတ်ပြီး လုပ်ငန်းများ ကျွမ်းကျင်တတ်မြောက်သည်အထိ စာတွေ့လက်တွေ့ဖြင့် စနစ်တကျ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင် ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာ (၅)ရွာအား စိစစ်ရွေးချယ်ခဲ့ပြီး ယခုဖွင့်လှစ်ပေးခဲ့သည့် သင်တန်း(၃)ခုအပါအဝင် စီမံကိန်းလုပ်ငန်း(၅)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်း တစ်ခုတွင် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူချွန်သင်တန်းသား လုပ်ငန်းရှင် ၅ ဦးအား သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ပြီး စုစုပေါင်းလုပ်ငန်းရှင် ၂၅ ဦး ပေါ်ထွက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ရွေးချယ်ထားသူများမှ ကုန်ကြမ်းဖိုး ငွေကျပ်နှစ်သိန်း ထည့်ဝင်စေပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် ဌာနမှ တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများကို ရာသက်ပန်သုံးဆွဲခွင့်ပြု၍ အသေးစားလုပ်ငန်းရှင်များဖြစ်အောင် လုပ်ငန်းမှတ်ပုံတင်များ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)