မုဒုံမြို့နယ်တွင် နွေစပါး (၁၃၇၆) ဧက ရိတ်သိမ်းခြွေလှေ့ ပြီးစီး

မုဒုံ မေ ၁၅

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ချောင်းပိတ်၊ မြောင်းပိတ်နှင့် အဇင်းဆည်၊ ဝင်းဖနုံဆည်ရေများဖြင့် နွေစပါး စိုက်ဧက (၁၃၇၆)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နွေစပါးစိုက်ပျိုးရာသီချိန်၌ တောင်သူများ၏ကြိုးပမ်းစိုက်ပျိုးခြင်းကြောင့် လျာထားဧကထက် (၇၃၈) ဧကကို ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။ မုဒုံမြို့နယ်တွင် အများအားဖြင့် စိုက်ပျိုးခဲ့သည့် သီးနှံများမှာ ပေါ်ဆန်းရင်၊ ဆင်းသုခ၊ မနောသုခ စသည့် စပါးမျိုးများကို စီးပွားဖြစ်စိုက်ပျိုးခဲ့ကြပြီး ဧပြီလဆန်းပိုင်းမှစတင်၍ စပါးများ ရိတ်သိမ်းခဲ့ရာ မေလဒုတိယအပတ်အထိ စိုက်ဧကအားလုံးကို ရိတ်သိမ်းခြွေလှေ့ပြီး စီးပြီဖြစ်ကြောင်း၊ စပါးအထွက်နှုန်းကောင်းမွန်စေရေးနှင့် ရိတ်သိမ်းခြွေလှေ့ရာတွင် လေလွင့်မှုမရှိစေရန် ရိတ်သိမ်းချိန်လွန် နည်းပညာပေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ်သည် ရေခံမြေခံအခြေအနေကောင်းမွန်၍ စိုက်ပျိုးရေးကဏ္ဍတွင် ပိုမိုအဆင်ပြေပြီး လယ်ယာကုန်ထုတ်လမ်း၊ တံတားများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းနှင့် လက်ရှိအချိန်တွင် စပါးစျေးများ ကောင်းမွန်လာခြင်းတို့ကြောင့် ဒေသခံတောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)