စစ်ကိုင်း မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့်တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီးတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ရောက်ရှိရာ ထိခိုက် ပျက်စီးခဲ့သည့် ကျောင်းဆောင်များအား ပြန်လည်ရှင်းလင်းပြုပြင်နေမှုအခြေအနေများကို တာဝန်ရှိသူ များက ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဆွမ်းဦးပုညရှင်စေတီတော်၊ ပတ္တမြားစေတီတော်၊ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်နှင့် ရှင်ပင်နံကိုင်းစေတီတော်တို့တွင် ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်ဖွဲ့ဝင်များအား အချိုရည်ဘူးများ၊ ရေသန့်ဘူး များနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဧရာဝတီမြစ်ဇက်ကူးတို့ဆိပ်တွင် ကုန်တင်ယာဉ်ကြီးများ၊ ဆီသယ်ယာဉ်များ အဆင်ပြေစွာ ဖြတ်သန်သွားလာနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်